Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၀)

A+ A-

” အခုလိုကြားရတာလည်း ဝမ်းသာစရာ သတင်းပါပဲ မောင်ရင် … ဘာပဲဖြစ်ဖြစ် ဒီရွာကြီးရဲ့ တိုးတက်ရာ တိုးတက်ကြောင်းဆိုတော့လည်း အဘတို့က အတိုင်းမသိပါပဲ “

” ဟုတ်ကဲ့ … ဖွဲ့စည်းပုံတွေ တိုးချဲ့တာကလည်း ရုတ်တရက်ဆိုတော့ ဘယ်သူ့ကိုမှလည်း အသိမပေးနိုင်ပဲ ချက်ချင်း ထွက်လာရတာပါပဲ သူကြီးရယ် … မြို့အုပ်မင်းကတော့ ရွာမှာ အုပ်ချုပ်ရေးရုံး ဆောက်ပြီးကာမှ ဖွင့်ပွဲတက်ရောက်မယ်လို့ အမှာပါးလိုက်ပါတယ် “

ဦးမင်းငွေက ကွပ်ပျစ်ပေါ်တင်ထားတဲ့ ရေနွေးတစ်ငုံကို ယူသောက်လိုက်ရင်း ခေါင်းတညိတ်ညိတ်နဲ့ ပြုံးလိုက်သည်။

” အင်း . မောင်ရင် အစစလိုအပ်သမျှသာ ပြောကွယ် … အဘတို့က အကုန်ကူညီဖို့တော့ အသင့်ပါပဲ … အဘတို့လည်း အသက်ကြီးပြီဆိုတော့ အခုလို တိုးတက်လာတော့မှာကို မြင်ရတာလည်း ဝမ်းသာမိတယ်ကွယ် “

” သူကြီးတို့က အစဉ်အဆက် အုပ်ချုပ်လာတဲ့ လူကြီးတွေပဲမလို့ ကျွန်တော်ကပဲ အကူအညီတောင်းပါတယ် … ဆရာတော်ကိုတော့ ညနေခင်းကျမှ ကျွန်တော် သွားလျှောက်လိုက်ပါ့မယ် “

” အင်း … အတူတူသွားလျှောက်ကြတာပေါ့ကွယ် “

မင်းမျိုးက သူကြီးကို ခေါင်းညိတ်ပြလိုက်ရင်း ရေနွေးတစ်ငုံသောက်လိုက်သည်။ မျက်လုံးတွေကတော့ ရောက်ကတည်းက သူကြီးအပြင် ခွေးတစ်ကောင် ကြောင်တစ်မြှီးမှ မတွေ့သေးတာမလို့ အိမ်ဝန်းထဲကို ဝေ့ဝဲရှာနေမိသည်။

” ပစ်တိုင်းထောင်တို့ ဆရာတပည့်နဲ့ မောင်နှမနှစ်ယောက်ကတော့ ဒီကနေ့ လယ်ထဲကို သွားကြတယ်ကွယ် … မိစွာနဲ့ မိုက်မိုက်စန်းပါ ပါသွားကြလေရဲ့ “

” အာ ဟုတ်. ဟုတ် “

မင်းမျိုးရဲ့ အကြည့်တွေကို နားလည်ဟန် သူကြီးက အသိပေးသည်။ မင်းမျိုးကလည်း နားလည်တာမလို့ ခေါင်းညိတ်ပြလိုက်ရင်း လက်ထဲက ရေနွေးကြမ်းခွက်ကိုလည်း ကွပ်ပျစ်ပေါ် ပြန်ချလိုက်သည်။

” မြို့အုပ်မင်းနဲ့ မြို့အုပ်ကတော်ကလည်း မှာလိုက်ပါသေးတယ် … ပစ်တိုင်းထောင်နဲ့ပတ်သက်ပြီး တစ်ခုခုသာဆို အားမနာပဲ ပြောပါတဲ့ “

” အိမ်း … ဘာမှတော့မရှိပါဘူးကွယ် … သူငယ်လေးက ချစ်မွှေးပါရှာပါတယ် … အခုတော့ တစ်ရွာလုံးရဲ့ အချစ်ဆုံးလေး ဖြစ်နေလေရဲ့ … ဘယ်နေ‌ရာနေနေ ပစ်တိုင်းထောင်‌သတင်းကတော့ မွှေးနေရောကွယ် “

ဦးမင်းငွေက သဘောကျနေဟန် အာဘောင်အာရင်းသန်သန်နဲ့ ပြောနေတာမလို့ မင်းမျိုးက ပြုံးရင်းသာ ငြိမ်ငြိမ်သက်သက် နားထောင်နေလိုက်သည်။

” အဲ … ခုနကစကားကို ဆက်ရရင်ကွယ် . လေးရွာစုကြီးက တိုက်နယ်အဆင့် ရောက်လာတော့မှာဆိုတော့ကာ အဘတို့ရွာမယ် စာသင်ကျောင်းနဲ့ ဆေးပေးခန်းတွေအထိပါ ရှိလာနိုင်တယ်မလား “

” ဟုတ်ကဲ့ … သေချာတာပေါ့ သူကြီး … လမ်းပန်းဆက်သွယ်ရေးကနေ စလို့ လျှပ်စစ်မီးရရှိရေးအထိပါ တိုးတက်လာမှာပါ … ပြီးတော့ သူကြီးကလည်း သူကြီးရဲ့ လက်ရှိရာထူးအတိုင်း အုပ်ချုပ်ခွင့်ရနေမှာဖြစ်ပြီး ကျွန်တော်ကတော့ တိုက်နယ်ရဲ့ နယ်အုပ်သဘောမျိုးပါ “

” အဘတို့က အသက်ကြီးပါပြီကွယ် … အဘတို့ရွာလေး တိုးတက်ဖို့အတွက်ကို မင်းတို့လူငယ်တွေလက်ထဲကိုပဲ ထည့်ရမှာပေါ့ . အဟား … ညကျရင်လည်း အစည်းအဝေးခေါ်ပြီး ဒီအကြောင်းတွေကို ရွာသူရွာသားတွေဆီ အသိပေးရမယ် … ဝမ်းသာနေကြမှာကွယ့် “

ဦးမင်းငွေရဲ့ လှိုက်လှိုက်လှဲလှဲစကားသံက ရွာအတွက် အမှန်တကယ်ကို ဝမ်းသာနေဟန်။ မျက်နှာကလည်း ကြည်လင်နေတာမလို့ မင်းမျိုးကပါ ဘေးကကြည့်ရင်း ဝမ်းသာရသည်။

” အဲ . ပြောဆိုရင်း ဟိုမယ် မောင်နှမတွေ ပြန်လာနေပါပြီ “

အရယ်ရပ်လို့ ခြံဝကိုမေးထိုးပြီး ပြောလာနဲ့ သူကြီးကြောင့် မင်း‌မျိုးက ခြံရှေ့ကို လှမ်းကြည့်လိုက်သည်။ ရွာလမ်းအတိုင်း တန်းစီလို့ လျှောက်လာကြသူတွေကတော့ အရှေ့ဆုံးမှာ ငွေမှုန်က ဝါးတောင်းလေးကိုကိုင်လို့ လျှောက်လာပြီး အနောက်မှာတော့ ရွှေဒင်္ဂါးက ခြင်းတောင်းတစ်ခုကိုဆွဲလို့ လိုက်လာသည်။

” မောင်နှမ‌တွေ လယ်ထဲကပြန်လာကြတာ စောသား … အခုမှ နှစ်ချက်တီးလောက်ပဲ ရှိဦးမယ် “

သူကြီးက တစ်ယောက်တည်းပြောသလိုမျိုး ခပ်တိုးတိုး ရေရွတ်လိုက်တာမလို့ မင်းမျိုးက အနောက်ကို ဆက်ကြည့်လိုက်သည်။ ဘူးသီးကြီးနှစ်လုံးကို လက်နှစ်ဖက်နဲ့မ,လို့ ငွေမှုန်တို့မောင်နှမနှစ်ယောက်အနောက်မှာပါလာပြီး မိစွာနဲ့ မိုက်မိုက်စန်းကလည်း ခုန်ပေါက်လို့ အနောက်ကနေ အတန်းလိုက်လေး ပါလာတာများ မီးရထားတွဲကြီးကျလို့ရယ်။

” အယ် … ကိုမင်းမျိုး “

အိမ်ရှေ့ကွပ်ပျစ်ပေါ်က မင်းမျိုးကို အိမ်ထဲအတန်းလိုက်ဝင်လာတဲ့ မီးရထားတွဲကြီးထဲက ဒင်္ဂါးက အရင်မြင်သွားပုံရပြီး ခြေလှမ်းတွေက တုံ့ခနဲရပ်သွားတယ်။ ကျန်တဲ့နှစ်ယောက်ကလည်း ဒင်္ဂါးအသံကိုကြားမှ မင်းမျိုးကို မြင်ပုံရတာကြောင့် ပစ်တိုင်းထောင်ကတော့ လက်ထဲမှာ ဘူးသီးကြီးနှစ်လုံးကိုပိုက်လို့ မင်းမျိုးရှိရာကို ခပ်သွက်သွက်လျှောက်လာသည်။

” ကိုမင်းမျိုး … ဘယ်လိုဖြစ်လို့ရောက်လာတာလဲ … ကိုကိုကြီးနဲ့ မမကြီးရော ပါလာတာလား . ဘယ်မှာလဲ … အိမ်ထဲမှာလား “

ပြာယာခတ်နေတဲ့ ပစ်တိုင်းထောင်က ပါးစပ်ကသာ မေးနေပေမယ့် မျက်လုံးတွေကလည်း အိမ်ထဲကိုလည်း ဝေ့ဝိုက်ရှာသည်။

” နေ . နေပါဦး ပစ်တိုင်းထောင်ရယ် … လက်ထဲက ဘူးသီးတွေကိုချပါဦး … မြို့အုပ်မင်းတို့က မပါလာပါဘူး . ကျွန်တော်တစ်ယောက်တည်း “

” ဟမ် . ဘာကိစ္စလဲ “

အခုထိတောင်မှ လက်ထဲက ဘူးသီးနှစ်လုံးကို မချနိုင်ပဲ ပွေ့ပိုက်လို့ မထိုင်နိုင် မထနိုင်ဖြစ်နေတဲ့ ပစ်တိုင်းထောင်ကြောင့် မင်းမျိုးကပဲ ‌မနေနိုင်စွာ ပစ်တိုင်းထောင်လက်ထဲက ဘူးသီးနှစ်လုံးကိုဆွဲယူလို့ ကွပ်ပျစ်ပေါ်ကို ချပေးလိုက်သည်။

” ထိုင်ပါဦး . ပြောပြပါ့မယ်ဗျာ … အမောဖြေပါဦး “

မင်းမျိုးက ပြောလိုက်‌တော့မှသာ ပစ်တိုင်းထောင်က ကွပ်ပျစ်ဘေးက ထန်းလက်ကုလားထိုင်မှာ ဝင်ထိုင်သလို ဒင်္ဂါးကလည်း ပစ်တိုင်းထောင်နဲ့ ကပ်လျက်ခုံမှာဝင်ထိုင်သည်။

” ဒါနဲ့ နေပါဦး … ခွေးပုရော ပစ်တိုင်းထောင် … ဘယ်ကျန်နေရစ်ခဲ့တုန်း “

” ဘယ်ကျန်ရမလဲ သူကြီးရယ် … ဖွန်ကြောင်ပြီး မယ်တင်တို့အိမ်မယ် ဒေါ်တူးစိန်ကြီးကို မျက်နှာလိုမျက်နှာရလုပ်ပြီး ကျန်နေခဲ့တယ်လေ … အိမ်အမိုးတွေပြန်မိုးဖို့ ကူပေးမလို့တဲ့ “

” အော်ကွယ် … တစ်ယောက်တည်းလား “

” အမလေး . လုပ်ပါစေပေါ့ … ဒင်းက လုပ်ချင်တာမှ နန့်နန့်ကိုထိုးလို့ “

ပစ်တိုင်းထောင်စကားကို သူကြီးနဲ့ ကိုမင်းမျိုးကလည်း ရယ်သလို ဘေးမှာထိုင်နေတဲ့ ရွှေဒင်္ဂါးကလည်း ပခုံးလေးတလှုပ်လှုပ်ဖြစ်သည်အထိ ခပ်တိုးတိုးရယ်သည်။

” ကဲ ဆိုပါဦး . ကိုမင်းမျိုးက ဘာကိစ္စလဲ … အဲ . မော်တော်ကားကြီး လာပို့တာတော့ မဟုတ်ပါဘူးနော် “

” မဟုတ်ပါဘူးကွာ … အစ်ကိုပြောပြပါ့မယ် ”

ပြောလည်းပြော ခေါင်းကြီးလည်လို့ မော်တော်ကားကိုပါ လိုက်ရှာနေတဲ့ ပစ်တိုင်းထောင်ကြောင့် မင်းမျိုးက အကျိုးအကြောင်း ပြောရတော့သည်။

” အုပ်ချုပ်ရေးပိုင်းမှာ ဖွဲ့စည်းပုံစနစ်တွေ တိုးချဲ့ပြီး အုပ်ချုပ်မှုပုံစံကလည်း ပြောင်းလဲမှုရှိလာ‌တော့ ရွာတွေကိုပေါင်းသင့်တာပေါင်းစုသင့်တာစုတဲ့အခါ မင်းကန်ရိုးကတိုက်နယ်အဆင့်ဖြစ်လာတော့မှာပါ … ဒါကတော့ ရေရှည်စီမံချက်ပေါ့လေ … အဲ့ဒီအတွက် ရွာသူကြီးအထက်မှာ နယ်အုပ်သဘောမျိုးရှိလာမှာပါ … နယ်အုပ်နေရာကတော့ ကျွန်တော်ပါပဲဗျာ “

” ဟမ့် . စနစ်က ပြောင်းချင်တော့လည်း ချက်ချင်းနော် … စာမလာ သတင်းမကြားနဲ့ “

” အုပ်ချုပ်ရေးပိုင်းမှာကိုက အထက်ကလူတွေ အကူးအပြောင်းက ရုတ်တရက်မလို့ အရင်လူတွေ စီမံထားတဲ့ အစီအမံတွေက အကောင်အထည်ဖော် ချက်ချင်းဖြစ်ကုန်တာပါ … လောလောဆယ်တော့ ကျွန်တော်က ဒီမှာ ရုံးထိုင်ရမှာပေါ့လေ “

” နို့ ကိုမင်းမျိုးက ဘယ်မှာရုံးထိုင်မှာလဲ … ထိုင်စရာလဲမရှိပဲနဲ့ . သူကြီးအိမ်မှာလား . ဆရာတော်ကျောင်းမှာလား “

ပစ်တိုင်းထောင်က မျက်ခုံးပင့်လို့မေးတော့ ကိုမင်းမျိုးက ဖြေရခက်သွားသည့်နှယ် နှုတ်ဆိတ်သွားသည်။ ဒါကတော့ ပစ်တိုင်းထောင်အပြစ်ရယ်လို့လည်း မဟုတ်‌ပဲ မေးသင့်မေးထိုက်တဲ့ မေးခွန်းမလို့ပင်။

” အဲ့တာပဲ သူကြီးကို အကူအညီတောင်းနေတာ ပစ်တိုင်းထောင် … နယုန်လ ဒုတိယအပတ်ထဲတော့ မြို့အုပ်မင်းက ရုံးတည်ဖို့အတွက်ရော မြေနေရာသတ်မှတ်ကြည့်ရှုဖို့ ကျွမ်းကျင်သူတွေ ဆောက်လုပ်ရေးအဖွဲ့တွေ လွှတ်လိုက်ပါမယ်တဲ့ … အဲ့မတိုင်ခင်စပ်ကြားတော့ ကျွန်တော်က ရွာနဲ့လည်း ရင်းနှီးအောင် ကြိုလာရတဲ့သဘောပါ “

” နေတော့ရော “

” အဘအိမ်မှာပဲပေါ့ ပစ်တိုင်းထောင်ရယ် … အခုနကလေးတင် မင့်တို့ လယ်ထဲသွားတုန်း အဘစီစဉ်ထားပါတယ် … မောင်မင်းမျိုးကလည်း ခွေးပုနဲ့ ခဏတာလောက်နေဖို့ အတင်ပြေပါတယ်တဲ့ “

ကိုမင်းမျိုးမဖြေခင် သူကြီးက ဝင်ဖြေလာတာကြောင့် ပစ်တိုင်းထောင်က ခေါင်းညိတ်လိုက်သည်။ သူတို့အဆင်ပြေတယ်ဆိုလည်း ပြီးတာပါပဲလေ။ ညညဆိုရင်တော့ အိပ်နေတုန်း ခွေးပုကယောင်ပြီး တရှုံ့ရှုံ့အနမ်းခံရမယ့် တစ်ပေါက်တော့ ရှိတာပေါ့လေ။

” ဒါနဲ့ ရွာကိုပြောင်းလာရတယ်ဆိုတော့ အထုပ်အပိုးတွေရော “

” အပေါ်ထပ်မှာပဲ တင်ထားလိုက်ပါပြီ “

ကိုမင်းမျိုးမျက်နှာကတော့ အားနာနေဟန်ပေမယ့် ပစ်တိုင်းထောင်တို့အတွက်ကတော့ ပြဿနာမှ မရှိပါပဲလေ။

” ဟမ်. ရွှေဒင်္ဂါး … ခင်ဗျား ဘူးသီးကြော်စားမှာဆို “

ပစ်တိုင်းထောင်က ထန်းလက်ကုလားထိုင်မှာ ငြိမ်ထိုင်နေရင်း သတိရသွားတာကြောင့် ဘေးမှာထိုင်နေတဲ့ ရွှေဒင်္ဂါးပခုံးကိုပုတ်လို့ မေးလိုက်သည်။ အလန့်တကြားမလို့ မျက်လုံးဝိုင်းလေးနဲ့ ကြည့်လာတဲ့ ရွှေဒင်္ဂါးကတော့ ပြန်ဖြေဖော်မရသေး။

” ထလေ ထ.ထ . ဘူးသီးကြော်ဖို့ ပြင်ရမယ်လေ “

” အစ် . အစ်မငွေမှုန် ကြော်ပေးမှာလေ “

” ဟာ . ကြော် ကြော်ပေါ့ … သွားကူကြမယ် ထ ”

ပစ်တိုင်းထောင်က ကိုယ်တိုင်လည်း ထိုင်နေရာကနေ ထလိုက်ပြီး ထိုင်လျက်သားဖြစ်နေသေးတဲ့ ရွှေဒင်္ဂါးကိုလည်း လက်မောင်းနှစ်ဖက်ကနေကိုင်လို့ ဆွဲထူလိုက်သည်။

” ယူလာတဲ့ ဘူးသီးတွေက ကြော်ဖို့လား လူလေး . ဘယ်ကရလာသလဲ “

ကွပ်ပျစ်ပေါ်တင်ထားတဲ့ ဘူးသီးနှစ်လုံးကို ပစ်တိုင်းထောင်က ကောက်ပွေ့တော့ သူကြီးက မေးလာသည်။ ပစ်တိုင်းထောင်ကလည်း ဘူးသီးနှစ်လုံးကို ပိုက်ထားရင်း မျက်နှာကို မော်ချီပစ်လိုက်သည်။

” ဘယ်သူလဲ . တစ်ရွာလုံးရဲ့ အချစ်ဆုံးလေ … မယ်တင့်အမေ ဒေါ်ဘူးစိန်ကြီးက သူကိုယ်တိုင် သူ့ဘူးစင်ကနေ ဘူးသီးနှစ်လုံးကို ခူးပြီး ထည့်ပေးလိုက်တာ … မယူပဲနေမလို့ပါပဲ … ဒါပေမယ့် မနက်ကလေးတင် ရွှေဒင်္ဂါးက ထမင်းပူလေးနဲ့ ဘူးသီးကြော်ကို မန်ကျည်းသီးအချဉ်ရည်နဲ့ ပူပူကလေး စားချင်တယ်ဆိုလို့လေ သယ်လာတာ … ခြံစည်းရိုးနားက ဆူးပုပ်လေးတွေပါ အဆစ်ပါသေး “

ပစ်တိုင်းထောင်က သူ့ရဲ့ အချစ်ခံရမှုကို ဂုဏ်ယူနေဟန် မေးတမော့မော့နဲ့ မျက်နှာပင်မချတော့။ ဒင်္ဂါးကတော့ ပစ်တိုင်းထောင်ကိုကြည့်ရင်း သဘောတကျပြုံးမိကာ လက်ထဲက ဘူးသီးနှစ်လုံးကို ကူသယ်ပေးဖို့ ပြင်လိုက်သည်။

” ဘယ့်နှယ့်လာလုနေတာလဲ ရွှေဒင်္ဂါး “

ဘူးသီးနှစ်လုံးကိုပိုက်လို့ ခန္ဓာကိုယ်ကို နောက်ယို့သွားတဲ့ ပစ်တိုင်းထောင်ကြောင့် ဒင်္ဂါးမှာ ဘူးသီးကူသယ်ဖို့ လက်လှမ်းလျက်သား တန်းလန်းလေးရယ်။

” အယ် … မလုပါဘူး ပစ်တိုင်းထောင်ရဲ့ … ကူသယ်မလို့ပါ “

” လိုမနေဘူး … ဘူးသီးနှစ်လုံးကတော့ ကျုပ်ဟာကျုပ်သယ်နိုင်တယ် . ဟမ့် … ကိုယ့်ဆူးပုတ်ခြင်းသာ သယ်ခဲ့စမ်းပါ “

” အော် အင်း. အင်း “

ဘူးသီးနှစ်လုံးသယ်လို့ ရှေ့ကနေ ဘောက်ဆတ်ဘောက်ဆတ်နဲ့ ရေတုံကင်ဘက်ကို ထွက်သွားတဲ့ ပစ်တိုင်းထောင်ကြောင့် ဒင်္ဂါးလည်း ဆူးပုတ်ရွက်တွေ ခူးထည့်လာတဲ့ ခြင်းတောင်းကြီးကို မ,လို့ နောက်ကနေ လိုက်ရတော့သည်။ အစ်မငွေမှုန်ကတော့ အိမ်နောက်ဖေးမှာ ဘူးသီးကြော်ဖို့ ပြင်ဆင်နေလောက်ပြီ။

” ကလေးနှစ်ယောက်ကတော့ အဲ့လိုပဲ မောင်ရင်ရယ် … ဒင်္ဂါးကလည်း အငယ်မရှိရှာတော့ ပစ်တိုင်းထောင်တို့ကို တွယ်ရှာတယ် ”

” ပစ်တိုင်းထောင်ကလည်း ဒီရွာမှာပျော်ပုံပါပဲ သူကြီး … မြို့မှာဆိုရင်လည်း မြို့အုပ်မင်းက ညီဖြစ်သူအကြောင်း အမြဲပြောပြပါတယ် . မြို့မှာတောင် မနည်းထိန်းရပေမယ့် ရွာမှာတော့ သဟဇာတဖြစ်အောင် နေတတ်တာတော့ တော်တယ်ပြောရမယ် “

” သူငယ်လေးက မျက်နှာလေးတည်တာကလွဲရင် ရွာကခင်တဲ့လူတွေနဲ့တော့ အဆင်ပြေမှပြေပါပဲ … ဟိုးတလောလေးကတောင် ရန်ဖြစ်လို့ ထိပ်တုံးခတ်ခံရတာနဲ့ပတ်သက်ပြီး အဘအိမ်မယ် ပွဲတော်ကြီးတောင် ဖြစ်သွားသေးတယ် ”

” ဟုတ်ကဲ့ … အဲ့အကြောင်းတွေလည်း မြို့အုပ်မင်းဆီကနေ ကြားမိပါတယ် “

မင်းမျိုးနဲ့သူကြီးကတော့ ရပ်ရွာအကြောင်း ဆွေးနွေးရင်းကနေ ပစ်တိုင်းထောင်အကြောင်းဆီကို ဦးတည်သွားသည်။ သူကြီးဆီကနေ ကြားသမျှအကြောင်းအရာတွေကို တွေးကြည့်ရရင်တော့ ပစ်တိုင်းထောင်ရဲ့ အချစ်ခံရမှုကတော့ အံ့မခန်းရယ်။

>>>>>>>>>>

” ကျောက်ခင်းပြီးကာမှ ကတ္တရာစေးကို သေချာလောင်းနော် … ပြီးကာမှ သဲဖြူကြရမှာ “

” အေးပါ ပစ်တိုင်းထောင်ရယ် … လုပ်ပါ့မယ်ကွ “

” ဟမ့် … ကိုဘမော်တို့ ပြောင်းပြန်လုပ်ကြမှစိုးလို့ ကျုပ်က သတိပေးတာ ”

ကျောက်ထုနေတဲ့ ကိုဘမော်က ပစ်တိုင်းထောင်ကို မျက်စောင်းခဲပေမယ့် ပစ်တိုင်းထောင်ကတော့ ဂရုမစိုက်ပဲ မျက်နှာလွှဲလိုက်သည်။ ရွာလယ်လမ်းမကြီးတစ်လျှောက်လုံးမှာ လုပ်အားပေး ရွာသူရွာသားတွေနဲ့ ပြည့်နှက်နေသည်။ 

မင်းကန်ရိုးအပါအဝင် လေးရွာစုကြီးက တိုက်နယ်အဆင့် တိုးတက်လာတာနဲ့အညီ အုပ်ချုပ်ရေးပိုင်းကလည်း နယ်မြို့ကလေး တိုးတက်ဖို့ကို အဘက်ဘက်ကနေ တဟုန်ထိုး ဆောင်ရွက်နေပြီဖြစ်သည်။ ဝါဆို ဝါခေါင်ဆို မိုးလေလေးကလည်း ကျတော့မှာမလို့ အစည်းအဝေးမှာ အရင်‌ဦးဆုံး ရွာလမ်းကိုပြင်ဖို့ မဲများတာကြောင့် နေသာပြီး ရာသီဥတုကောင်းချိန်မှာ တစ်ရွာလုံးက လုပ်အားပေးလို့ လမ်းပြုပြင်နေကြတာဖြစ်သည်။

” မေးဦးမယ် ပစ်တိုင်းထောင် “

” အမိန့်ရှိ “

ပစ်တိုင်းထောင်က အရံသင့်ချထားပေးတဲ့ မြေအိုးလေးထဲက သောက်ရေကို တစ်ငုံသောက်လိုက်ရင်း ကိုဘမော်ကို ပြန်ဖြေလိုက်သည်။

” တိုက်နယ်ဖြစ်တော့မှာဆိုတော့ နောက်ဆို ရွာမယ် ဘိုက်စကုတွေပါ ရှိလာမှာလား “

” ဟမ် … ဘာကြီး “

” ဘိုက်စကုလေ ဘိုက်စကု “

ကိုဘမော်စကားကို ပစ်တိုင်းထောင်က စဉ်းစားခန်းဝင်သလိုလေး လက်တစ်ဖက်က ခါးကိုထောက်လို့ နောက်လက်တစ်ဖက်က ခေါင်းကို တဗျင်းဗျင်းကုတ်လိုက်သည်။ စေ့စေ့တွေး ရေးရေးပေါ်ဆိုသလို စဉ်းစားကာမှသာ ကိုဘမော်စကားကို အထာပေါက်သွားတာကြောင့် သဘောတကျနဲ့ အားရပါးရ ရယ်ပစ်လိုက်သည်။

” ဟား ဟား . အဟား … ဘိုင်စကုတ်တော့လုပ်ပါ ကိုဘမော်ရယ် ဘိုင်စကုတ် . အဟား “

” အေး . အေးကွာ … ဘိုင်စကုတ် … ဘိုင်စကုတ်ကို တစ်ခါမှ မကြည့်ဖူးဘူးကွ . အဲ့တာတွေရော ရှိလာမှာလား “

” နို့ . ကျုပ်က ဘယ်သိမတုန်း … ရှိရင်လည်း ရှိလာမပေါ့ … အခုတောင် တဖြည်းဖြည်းနဲ့ တိုးတက်ဖို့ လမ်းစရှိနေပြီပဲဟာ “

ပစ်တိုင်းထောင်စကားကို ကိုဘမော်က နားလည်သွားဟန် ခေါင်းတညိတ်ညိတ်နဲ့ ခွဲလက်စ လမ်းခင်းကျောက်တုံးကြီးတွေကို အားပြည့်မာန်ပြည့်နဲ့ ကျောက်သေးတုံးလေးတွေ ဖြစ်သည်အထိခွဲသည်။ ဘေးမှာလည်း ဖိုးထူးက လူထွက်လာတာ မကြာသေးတာမလို့ ကတုံးပြောင်ပြောင်နဲ့ ကျောက်တုံးတွေကို ကိုဘမော်နဲ့အတူ ကူခွဲနေသည်။

” တော့ ကိုပစ်တိုင်းထောင် … မကူပဲနဲ့ ဘာနှမ်းဖြူးနေတာတုန်း “

” အောင်မယ် … ငါလုပ်ထည့်လိုက်ရနော် မိကဲ … ငါက ဘောက်မဲ့ကြောင့် နှမ်းဖြူးရမှာတုန်း … ကျောက်သယ်ပေးနေတာဟ . ဒီနားမယ် ကျောက်ခွဲနေတာ မပြီးသေးလို့ … ငါ့ကိုသာပြောနေတာ ညည်းကရော ဒီနားမယ် ဘာလာလုပ်တာတုန်း … ဒီမှာ နင်တို့နဲ့ဆိုင်တာ တစ်ခုမှမရှိဘူး “

” ဟွန့် . လာချင်လို့လာတယ်များ ထင်နေသလား “

မိကဲက မဲ့မဲ့ရွဲ့ရွဲ့နဲ့ ပစ်တိုင်းထောင်ကို ပြန်ဖြေသည်။ ပစ်တိုင်းထောင်ကလည်း ပြောပြီးကာမီ အနောက်မှရပ်နေတဲ့ လှရီကို မြင်လိုက်ရတာကြောင့် မျက်ခုံးပင့်လိုက်မိသည်။

” ဟို … အမောပြေသောက်ဖို့ “

ဖိုးထူးလက်ထဲကို ရေအပြည့်ထည့်ထားတဲ့ အုန်းမုန့်ခွက်လေးကို ထည့်ပေးပြီး အပြေးပြန်ထွက်သွားတဲ့ လှရီကြောင့် ပစ်တိုင်းထောင်တို့နားမှာ ကျန်နေခဲ့တဲ့ မိကဲကလည်း ပါးစပ်အဟောင်းသား။

” ဟယ် လှရီမ … သူလုပ်ချင်တာလုပ်ပြီးတော့ မိကဲကို ပစ်ထားခဲ့တယ် ကြည့်စမ်း . တွေ့ဦးမယ် “

တဗျစ်တောက်တောက်ပြောရင်း ထဘီစွန်တောင်ဆွဲလို့ ပစ်တိုင်းထောင်တို့အနားကနေ ထွက်သွားတဲ့ မိကဲကြောင့် ရယ်မိကြတော့သည်။ ဖိုးထူးကတော့ လှရီပေးသွားတဲ့ အုန်းမုန့်ခွက်လေးကို တယုတယကိုင်လို့ ပြုံးပြုံးကြီးရပ်နေသည်။

” ဘာတွေပြုံးနေတာလဲ ပစ်တိုင်းထောင် ”

” အွန် ~ “

ခမောက်ကလေးကိုင်လို့ အနားရောက်လာတဲ့ ရွှေဒင်္ဂါးကြောင့် ပစ်တိုင်းထောင်က ခါးထောက်ရပ်နေရာကနေ အနေအထားပြင်လို့ လှည့်ကြည့်လိုက်သည်။

” ဟမ့် . မဟုတ်ပါဘူး … ဟိုမယ် မိကဲနဲ့ လှရီတို့ ရန်ဖြစ်တော့မယ်ဆိုတာ တွေးပြီး ကျုပ်က သဘောကျသွားလို့ “

” ဪ “

ခမောက်ကိုင်ထားတဲ့ ရွှေဒင်္ဂါးမျက်နှာလေးက ခပ်တင်းတင်းကလေး။ နေပူကျဲကျဲမှာမလို့ မျက်နှာလေးရဲစပ်နေတဲ့ ရွှေဒင်္ဂါးက နှာခေါင်းထိပ်မှာလည်း ရဲလို့။ ခေါင်းပေါ်မှာလည်း ခမောက်ဆောင်းထားလို့သာ တော်သေးပေမယ့် မဟုတ်ရင် ချွေးတဒီးဒီးကျနေမယ့် မျက်နှာလေးကို မြင်ယောင်မိပါသေးသည်။

” ခမောက်ကဘာလဲ … ကျုပ်အတွက်လား ရွှေဒင်္ဂါး “

” ဟင် … အင်း ဟုတ် . ဟုတ်တယ် … အဘက ပေးခိုင်းလိုက်တာ . နေပူမိပြီး ဖျားမှာစိုးလို့တဲ့ “

ဒင်္ဂါးစကားကြောင့် မျက်မှောင်ကြီးကြုတ်သွားတဲ့ ပစ်တိုင်းထောင်ကြောင့် အနေခက်သွားရသည်။ ဘာစကားမှားသွားသလဲတော့ မသိပေမယ့် ပြုံးနေရာကနေ ရုတ်ချည်းတည်သွားတဲ့ ပစ်တိုင်းထောင်ကြောင့် ဒင်္ဂါးက ကိုယ့်လည်ကုတ်ကိုယ် ဖိပွတ်လိုက်မိသည်။

” ဘာလဲ … ခင်ဗျားက ကျုပ်ပူနေမှာစိုးလို့ လာပေးတာ မဟုတ်ဘူးလား … မပေးချင်ပဲ လာပေးနေတာလား . သွား … အဲ့တာဆို ပြန်ယူသွားချေ “

” အယ် . မဟုတ်ဘူးလေ ပစ်တိုင်းထောင် “

ပြောချင်‌ရာပြောပြီး လမ်းကို မြေဖို့နေတဲ့အဖွဲ့‌ဆီ လှည့်ထွက်သွားတဲ့ ပစ်တိုင်းထောင်ကြောင့် ဒင်္ဂါးမှာ အနောက်ကနေ ပြေးလိုက်ရပြန်သည်။ စိတ်ကောက်သွားတယ်ဆိုရအောင်လည်း ပစ်တိုင်းထောင်က ယောက်ျားရင့်မာကြီးကို။ ဒါပေမယ့် လုပ်သွားတဲ့ပုံစံကလည်း ဒင်္ဂါးကို စိတ်ကောက်သွားတဲ့ပုံစံကြီးနဲ့။

” ပစ်တိုင်းထောင် . ပစ်တိုင်းထောင်လို့ “

” ….. ”

” မြို့အုပ်မင်းညီ “

” ဟ ! ဘာတုန်း … ဘယ်လိုတွေ ပြန်လာခေါ်နေပြန်တာလဲ ခင်ဗျား “

ခါးကြီးထောက်လို့ မတ်မတ်ကြီးရပ်ရင်း ဒင်္ဂါးကို ရန်ထောင်နေတာများ တကယ့်လူမိုက်ကြီးလို။ ပစ်တိုင်းထောင်က အသားညိုသူဖြစ်တာကြောင့် နေကလည်းပူနေတာမလို့ မျက်နှာက အညိုရင့်ရောင်ပင် ပြောင်းလုနေပြီဖြစ်သည်။

” ကျွန် . ကျွန်တော်ပြောတာက မဟုတ်တောင်မှ ပစ်တိုင်းထောင်ကို ခမောက်‌ကလေး လာပေးမလို့လုပ်နေတာပါပဲ … လမ်းမြေဖို့နေရင်း တန်းလန်းမလို့လေ . အဘက ထပ်လာပြောတာနဲ့ တန်းပြီး လုပ်လက်စကို ပြန်ချခဲ့ရင်း ရောက်လာတာပါ “

” ဟုတ်လို့လား “

” ရော် … ကျွန်တော်က လိမ်ပါ့မလား . ကဲပါ ပစ်တိုင်းထောင်ရယ် … စိတ်ဆိုးနေလည်း နောက်မှသာဆိုးတော့ချေ … နေကပူလို့ မျက်နှာမှာရော တစ်ကိုယ်လုံးလည်း ချွေးတွေက သီးနေပြီ “

ပြောလည်းပြော လက်ထဲက ဝါးခမောက်လေးကို ခြေဖျားထောက်လို့ ပစ်တိုင်းထောင်ကို ကိုယ်တိုင်းဆောင်းပေးလာတဲ့ ရွှေဒင်္ဂါးကြောင့် ပစ်တိုင်းထောင်မှာ အသက်ပင် အောင့်လိုက်မိသည်။ နီးနီးကပ်ကပ်အနေအထားမလို့ ပစ်တိုင်းထောင်က မျက်စိရှေ့က ရွှေဒင်္ဂါးလေးရဲ့ မေးဖျားလေးကို တည့်တည့်မြင်နေရသည်။ ရွှေဒင်္ဂါးကတော့ မသိလိုက် မသိဘာသာ အပြုအမူလေးနဲ့တင် ပစ်တိုင်းထောင်ကို ရူးစေချင်နေတယ်ထင်ပါရဲ့လေ။

” ဘာ … ဘာကိုစိတ်ဆိုးလို့လဲ ခင်ဗျား … ဝေးဝေးနေစမ်းပါ . ပူပါတယ်ဆို “

မျက်နှာငယ်လေးနဲ့ ခြေတစ်လှမ်း နောက်ဆုတ်သွားတဲ့ ရွှေဒင်္ဂါးကြောင့် ပစ်တိုင်းထောင်မှာ စိတ်သက်သာရာ ရသွားပေမယ့် စိတ်ကလည်း မကောင်းပြန်။ အနားမကပ်စေချင်လို့မှမဟုတ်ပဲ ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသလို ပစ်တိုင်းထောင်က ရွှေဒင်္ဂါးနဲ့ အနေနီးရင် ခံစားရသမျှကို ကိုယ်တိုင်သာအသိဆုံး။

” ခဏနေကျရင် နေ့လယ်ခင်းစာ အိမ်ပြန်စားမလားဟင် … ကျွန်တော်ထမင်းတောင်းပဲ အိမ်ပြန်ယူရမလား “

” ဟမ် . သူကြီးတို့ရော ဘယ်လိုလုပ်ကြမှာလဲ “

” အဘတို့က ဒီမှာပဲစားကြမယ်ပြောတယ် “

” အော် . အဲ့တော့လည်း အဲ့လိုပေါ့ ရွှေဒင်္ဂါးရဲ့ “

” အ …! “

ဘာရယ်မဟုတ် ပစ်တိုင်းထောင်က စကားပြောရင်း ရွှေဒင်္ဂါးရဲ့ နဖူးပြင်လေးကို အသည်းယားလှတာကြောင့် လက်ညှိုးထိပ်ကလေးနဲ့ တောက်ချပစ်လိုက်သည်။ ခမောက်ကလေးဆောင်းထားပေမယ့်လည်း ခမောက်အရိပ်အောက်မှာ နဖူးလေးက ဝင်းဝင်းလေးပေါ်နေတာကြောင့် ပစ်တိုင်းထောင်က မနေနိုင်မထိုင်နိုင် တောက်လိုက်မိတော့ နဖူးလေးကိုဖိလို့ ညည်းညူလိုက်တဲ့ ရွှေဒင်္ဂါးက ပစ်တိုင်းထောင်ကို ဘုကြည့်ကြည့်လာသည်။

” ပစ်တိုင်းထောင်နော် … ကျွန်တော်ဘာမှလည်း မလုပ်ပဲနဲ့ “

” ဟမ့် … ဘာမှမလုပ်လည်း တောက်ချင်လို့ဗျာ “

ခါးကြီးထောက်လို့ လှည့်ထွက်သွားတဲ့ ပစ်တိုင်းထောင်ကြောင့် ဒင်္ဂါးမှာ နေရာမှာပဲ ကျန်နေရစ်တော့သည်။ လုပ်ချင်ရာလုပ်ပြီးရင် တားချိန်မရပဲ ထွက်ထွက်သွားတတ်တာကလည်း ရိုးရာကိုမပျက်။ ဒင်္ဂါးမှာတော့ ပစ်တိုင်းထောင်က ပြောချင်ရာပြောပြီး ဘောက်ဆတ်ဆတ်ထွက်သွားတိုင်း အနောက်မှာ ‌ကျန်ရစ်နေခဲ့ရတာကတော့ အမြဲပင်ဖြစ်သည်။

>>>>>>>>>>

” ငွေမှုန်ကအားနာလို့ မလိုက်လာပါနဲ့ဆို ကိုမင်းမျိုးရယ် … အသွားအပြန် နေပူတာကို အားနာစရာ “

” မဟုတ်တာပဲ မငွေမှုန်ရဲ့ . ကျွန်တော်က မဟုတ်လား အားလပ်နေတာမလို့ပါ “

မင်းမျိုးက သယ်ထားရင်း အနည်းငယ်လျှောကျနေတဲ့ လက်ထဲက ထမင်းတောင်းကို ပြန်ပင့်လို့ မ တင်လိုက်ရင်း ငွေမှုန့်ကို ပြုံးပြလိုက်သည်။ အနောက်မှာကတော့ ခွေးပုပါလာပြီး မင်းမျိုးနဲ့ ငွေမှုန်နည်းတူ အဆာပြေစားစရာတောင်းတွေကို ကူသယ်လာသည်။

” မောင်ငယ်‌ခွေးပုလည်း ပါနေတာပါပဲ … ကိုမင်းမျိုးက နယ်အုပ်ဆိုတော့ အခုလိုအထိပါ လိုက်လုပ်နေရင် အရိုသေတန်ကုန်ရော့မယ် … ငွေမှုန်တို့ဘာသာ လုပ်နိုင်ပါတယ် “

” အမလေးဗျာ … ကူညီပေးတာကို ကျွန်တော်ကဖြင့် အရိုသေတန်စရာ အလုပ်လို့တော့ မမြင်ပေါင် “

” ဟုတ်ကဲ့ “

အတူတူယှဉ်လျှောက်နေတာမလို့ မင်းမျိုးက ဘေးတစောင်းလေး မြင်နေရတဲ့ ငွေမှုန့်မျက်နှာလေးကို စောင်းငဲ့ကြည့်လိုက်သည်။ သနပ်ခါးရေကျဲလေးလူးထားတဲ့ ငွေမှုန်က ခမောက်ကလေးဆောင်းလို့ တစ်ပတ်လျှိုဆံထုံးကလေးထက်မှာ စကားပန်းလေးတစ်ပွင့်ကလည်း ပန်ထားသေးသည်။ ရင်စေ့အင်္ကျီလေးပေါ်မှာ ဖျင်ကြမ်းလက်ရှည်အင်္ကျီလေးကို ဝတ်ထားသေးတာမလို့ ခပ်ရိုးရိုးပေမယ့် မင်းမျိုးအတွက်ကတော့ ငွေမှုန်က အကြည့်ခံတဲ့ အလှတရားလေးပင်ဖြစ်သည်။

” လုပ်အားပေးတဲ့ ရွာသားတွေကိုတော့ နေ့ခင်းစာပါ စီစဉ်ပေးရမှာကို ကျွန်တော့်ဘက်က လိုအပ်ချက်ပါ မငွေမှုန် … နက်ဖြန်ခါကျရင်တော့ ကျွန်တော်က သူကြီးနဲ့တိုင်ပင်ပြီး မြို့က နတ်သုဒ္ဓါလေးကျွေးဖို့ စီစဉ်ထားပါတယ် “

” ဟုတ်ကဲ့ ကိုမင်းမျိုး . ရွာကလူတွေကလည်း ရွာကလေး တိုးတက်တော့မှာမလို့ကို ပျော်နေကြတာမလို့ ဒါတွေကို မြင်မယ်လည်း မထင်ပါဘူး “

” ဒါပေါ့ ဒါပေါ့ “

ခွေးပုက ငှက်ပျော်သီးခိုင်ကြီး နှစ်ခိုင်ကိုထမ်းထားရင်း ရှေ့မှာမြင်နေရတဲ့ နှစ်ယောက်ကိုကြည့်ကာ မသိမသာလေး နှာခေါင်းရှုံ့လိုက်မိသည်။ ကဲ့ရဲ့လိုသည်သဘောတော့ မဟုတ်ပေမယ့် အသစ်စက်စက် ရွာရဲ့နယ်အုပ်က ဘယ်ခြေလှမ်းလှမ်းနေသလဲဆိုတာ ရိပ်မိလို့ပင်ဖြစ်သည်။ ခွေးပုကတော့ အစ်မအရင်းလိုပင်ချစ်ရတဲ့ အစ်မငွေမှုန်ကိုတော့ နှမြောမိပါရဲ့။

အခုလိုကျတော့လည်း အစ်မငွေမှုန်ကိုဆို သိပ်တိုလွန်းတဲ့ ကိုဒင်္ဂါးကို ခွေးပု သတိရသွားမိသည်။ ဒါပမယ့်လည်း ကိုမင်းမျိုးဆိုရင်တော့ အစ်မငွေမှုန်ရဲ့ ခင်ပွန်းကောင်းဖြစ်လာနိုင်တာမလို့ သဘောတူကောင်းပါရဲ့လေ။ ကိုမင်းမျိုးနဲ့ အစ်မငွေမှုန်ကလည်း ခွေးပုအမြင်မှာတင်ကို နေနဲ့လ ရွှေနဲ့မြရယ်။

” အမလေး . ငါ့မယ်တင်ကလေးကို လွမ်းလိုက်တာ “

မနေ့ကလေးတင်မှ မြို့က အမျိုးတွေဆီ အလည်သွားတယ်ဆိုတဲ့ မယ်တင်ကလေးကြောင့် ခွေးပုမှာတော့ လွမ်းနာကျရသည်။ အခုလေးတင်မှ မယ်တင်ကလေးက ခွေးပုကို အရေးပေးကာစရှိသေးတာ။ တစ်ခဏတာလောက် အနေဝေးပြီး ခွေးပုကို စိမ်းကားသွားရင်မှာလည်း ခွေးပုရင်မှာ စိုးထိတ်ရပြန်ပါသေးသည်။

>>>>>>>>>>>

” ဒင်္ဂါးရေ “

ရွာလမ်းမကြီးက မြေဖို့ လမ်းခင်းလို့တော့ မပြီးသေးပေမယ့် ညနေစောင်းပြီမလို့ အလုပ်သိမ်းကြပြီဖြစ်သည်။ ဒင်္ဂါးက နေ့လယ်ခင်းတုန်းက စားပြီးသမျှ ထမင်းချိုင့်တွေကို တောင်းနဲ့ထည့်သိမ်းနေရင်း ကိုဘမော်ခေါ်သံကြောင့် လှည့်ကြည့်လိုက်သည်။

” ရိုးချောင်းထဲမယ် ရေသွားချိုးမယ်လေ … လိုက်ခဲ့မလား “

” ဟမ် . သွားချိုးကြဦးမလို့လား “

” အေးပေါ့ဟ … ပူပူလောင်လောင်ကြီးထဲ ချွေးသံတရဲရဲ အလုပ်လုပ်ထားရတာကွ … ချောင်းရေအေးကတော့ ချိုးမှဖြစ်မယ် “

ကိုဘမော်စကားကြောင့် အေးမြနေပြီး တသွင်သွင်စီးနေတဲ့ ရိုးချောင်းကြီးကို ဒင်္ဂါးမျက်လုံးထဲ မြင်ယောင်လာသည်။ ကိုယ်တိုင်ကလည်း ပူအိုက်နေပြီမလို့ ရေကလည်း ချိုးချင်ပြီဖြစ်သည်။

” လိုက်မယ်လေ ကိုဘမော် … အဲ . ဒါနဲ့ … ပစ်တိုင်းထောင်ရော . အခုနကလေးတင် ပေါက်တူးတွေ သိမ်းနေတာကို “

” သူကြီးနဲ့ နယ်အုပ်နဲ့အတူ ဆရာတော်ကျောင်းကို ပါသွားတယ် . ရှာမနေနဲ့ … လိုက်မလား မလိုက်ဘူးလား ဒင်္ဂါး “

” ဟာ …! လိုက်မှာပေါ့ လိုက်မှာ ”

ကိုဘမော်တို့က အဆွယ်ကောင်းတယ်လည်း မဆိုသာပေမယ့် ဒင်္ဂါးကိုယ်တိုင်ကိုက လိုက်ချင်နေတာမလို့ အစ်မငွေမှုန်ကို အသိပေးကာ ကိုဘမော်တို့အုပ်စုနဲ့ ရိုးချောင်းကို လိုက်သွားတော့သည်။

” အား … အေးနေတာပဲကွာ … အညောင်းကိုပြေသွားတာပဲ “

တစ်နေကုန်လုံး နေပူကြဲတဲကြီးမှာ မြေဖို့တန်ဖို့ ကျောက်သယ်တန်သယ် လုပ်ထားခဲ့ရတာမလို့ ချောင်းရေအေးအေးက ဒင်္ဂါးတို့ကို အမောပြေစေသည်။ ချောင်းရေကို စိမ်ပြေနပြေ ချိုးနေကြရင်း အောင်ကျော့်‌‌ဆီကနေလည်း သဘောတကျ ရေရွတ်သံကို ကြားလိုက်ရတာမလို့ ဒင်္ဂါးပြုံးမိသည်။

” ပစ်တိုင်းထောင်ပြန်လာလို့ မတွေ့ရင် အစ်မငွေမှုန်ကတော့ ပြောမှာပါ “

ချောင်းရေချိုးနေရင်း ဒင်္ဂါးအတွေးထဲမှာ ပစ်တိုင်းထောင်ကို သတိရသွားတာကြောင့် တစ်ယောက်တည်း ရေရွတ်လိုက်သည်။ ကိုဘမော်တို့ကတော့ ဒင်္ဂါးနဲ့ ခပ်ဝေးဝေးမှာ ဖိုးထူးတို့နဲ့ အဖွဲလိုက် ချောင်းရေချိုးရင်း အော်ဟစ်လို့ ဆော့ကစားနေသံကို အတိုင်းသား ကြားနေရသည်။

ဒင်္ဂါးကတော့ ရေနက်နက်ကို မဆင်းချင်တော့တာကြောင့် ကမ်းစပ်ကလေးမှာ လူတစ်ကိုယ်မြုပ်ရုံ ငုတ်တုပ်ကလေး ထိုင်ချလိုက်သည်။ ချောင်းရေကိုလည်း လက်ခုတ်ကလေးနဲ့ သဲ့သဲ့ယူရင်း မျက်နှာသစ်လိုက် ပခုံးပေါ်ကို သပ်တင်လိုက်နဲ့ ချောင်းရေအေးအေး ချိုးနေရသည်ကို သဘောတကျရယ်။

” ရွှေဒင်္ဂါး …! “

” ဟင် ~ “

ကိုယ့်အတွေးနဲ့ကိုယ် ပြုံးရင်း ချောင်းရေချိုးနေတုန်း ခပ်ဆောင့်ဆောင့်ထွက်လာတဲ့ ပစ်တိုင်းထောင်ရဲ့အော်သံကြောင့် ဒင်္ဂါးမှာ ရေချိုးနေရင်း တုန်ခနဲပင် ဖြစ်သွားရသည်။ လှည့်ကြည့်လိုက်တော့ ချောင်းစပ်ကနေ ဒင်္ဂါးရှိရာကို ခပ်သွက်သွက် အပြေးတစ်ပိုင်းပြေးလာတဲ့ ပစ်တိုင်းထောင်က ဒေါသထွက်နေဟန် မျက်နှာကြီးကလည်း နီရဲလို့ရယ်။

” ရွှေဒင်္ဂါး … ခင်ဗျား အဲ့တာ ဘာလုပ်နေတာလဲ … ဟမ် . ပြောစမ်း “

ဒင်္ဂါးရေချိုးနေတဲ့နားအထိ ရောက်လာပြီး ဆူငေါက်နေတဲ့ ပစ်တိုင်းထောင်က ဘာကို ဒေါသထွက်လာသလဲမသိ။ ဒင်္ဂါးက ပစ်တိုင်းထောင်အမေးကို ပြန်မဖြေမိပဲ နှုတ်ဆိတ်နေမိကာ လက်တွေကလည်း လက်ခုတ်ကလေးနဲ့ ချောင်းရေကိုခပ်ခပ်ပြီး ပခုံးပေါ်ကို လောင်းချိုးနေမိတုန်း။

” ကျုပ်မေးနေတယ်လေ . ဘာလုပ်နေတာလဲလို့ ရွှေဒင်္ဂါး “

” ဟို . ချောင်းရေ … ချောင်းရေ ချိုးနေတာလေ ‌ပစ်တိုင်းထောင် . ချိုးဦးမလားဟင် “

” ဘာကိုချောင်းရေချိုးဦးမလားလဲ . ဘာမှ ကျုပ်ကိုလာပြီး အဖော်စပ်‌မနေနဲ့ … ဘယချောင်းရေမှ မချိုးဘူး “

” အင် ~ မချိုးရင်လည်း ခဏစောင့် … ရေချိုးရင်းတန်းလန်းကြီးမလို့ “

ဒီရွှေဒင်္ဂါးတော့လား။ ပစ်တိုင်းထောင်က ခါးထောက်လိုက်ရင်း ခေါင်းမော့လို့ လေပူတွေကို မှုတ်ထုတ်ပစ်လိုက်သည်။ ပစ်တိုင်းထောင်ရဲ့ ခပ်ကျယ်ကျယ်အသံကြောင့် တစ်ဖက်ခြမ်းက ကိုဘမော်တို့ပင် လှမ်းကြည်ြနေကြပြီဖြစ်သည်။ သို့ပေမယ့် ပစ်တိုင်းထောင်ကသာ လေသံမာရင် ဘယ်သူကမှ အသံမထွက်ရဲသူပီပီ အကုန်လုံးက ချောင်းရေထဲစိမ်လို့ ငြိမ်ကုတ်နေကြသည်။

” ခင်ဗျားကို တက်ခဲ့တော့လို့ ပြောနေတယ်လေ ရွှေဒင်္ဂါး … လာခဲ့ . လာ လာ … အခုလာခဲ့ … အခုချက်ချင်း ပြန်တက်လာခဲ့ … ခင်ဗျားအိမ်မှာ ရေတုံကင်မရှိဘူးလား ရွှေဒင်္ဂါး “

ပစ်တိုင်းထောင်က မနေသာတော့ပဲ ပါးစပ်ကနေတင်မဟုတ် ချောင်းထဲထိပါဆင်းပြီး ရွှေဒင်္ဂါးလက်ကိုပါ ဆွဲခေါ်တာကြောင့် မျက်နှာငယ်လေးနဲ့ ရွှေဒင်္ဂါးက ပစ်တိုင်းထောင်နောက်ကနေ ပါလာသည်။

” အင်္ကျီတွေ ဘယ်မလဲ ရွှေဒင်္ဂါး “

” ဟို . ဟိုအပင်အောက်မယ် “

ခပ်တွန့်တွန့်နဲ့ လက်ညှိုးထိုးပြတဲ့ ရွှေဒင်္ဂါးကြောင့် ပစ်တိုင်းထောင်က အပင်အောက်မှာချထားတဲ့ ချည်အင်္ကျီလေးကို အပြေးသွားယူလိုက်သည်။

” ဝတ် . အခုဝတ် ရွှေဒင်္ဂါး … အဝတ်ပိုလည်း မပါပဲနဲ့ ပုဆိုးကလည်း ရွှဲစိုနေတာပဲ … အိမ်မှာ ရေမရှိဘူးလား ရွှေဒင်္ဂါး “

ပစ်တိုင်းထောင်ကတော့ ပူလောင်နေရပေမယ့် ရွှေဒင်္ဂါးဆီကတော့ ဘာအသံမှ ထွက်မလာပဲ ငြိမ်သက်လို့နေသည်။ ပစ်တိုင်းထောင် အပင်အောက်ကနေ သွားယူလာပေးတဲ့ အင်္ကျီကို ခေါင်းကနေစွပ်လို့ လှုပ်စိလှုပ်စိ ဝတ်နေတဲ့ ရွှေဒင်္ဂါးကြောင့် ပစ်တိုင်းထောင်မှာ အင်္ကျီလေးကို ခါးအထိရောက်အောင် ခပ်မြန်မြန်ဆွဲချပေးလိုက်ရသည်။

” တော်တော်ကို ကဲလွန်းတယ် ခင်ဗျား “

” ဘာကိုလဲဟင် “

” ကျစ် ! အိမ်ပြန်မယ် အခုချက်ချင်း … ပုဆိုးကလည်း ရေစိုကြီးနဲ့ . နေရာတကာကို လိုက်ပြောနေရတယ် “

နားမလည်သလို အရိုးခံမျက်လုံးလေးတွေကို လျစ်လျူရှုရင်း ပစ်တိုင်းထောင်က ရွှေဒင်္ဂါးလက်ကိုဆွဲလို့ သူကြီးအိမ်ကို အမြန်ပြန်ရသည်။ ပစ်တိုင်းထောင်ရင်ထဲ ဘယ်လောက်တောင် ပူလောင်သွားသလဲ ရွှေဒင်္ဂါးကတော့ သိမှာပင်မဟုတ်။

မျက်စိဒေါက်ထောက် ကြာ့်နေတဲ့ကြားကနေ ပစ်တိုင်းထောင်လစ်သွားတဲ့အချိန် ရွှေဒင်္ဂါးက ကာလသားတစ်သိုက်နဲ့ ချောင်းရေပင် လာချိုးနေလိုက်သေးသည်။ ဆရာတော့်ကျောင်းကနေ အိမ်ကိုပြန်ရောက်တော့ ရွှေဒင်္ဂါးလည်း အိမ်ပြန်ရောက်နေပြီ ထင်ထားပေမယ့် အစ်မငွေမှုန်အပြောကြောင့် ရိုးချောင်းစပ်ကို တန်းနေအောင် ပြေးလာမိသည်အထိ။

ချောင်းစပ်ကိုရောက်တော့လည်း မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ပစ်တိုင်းထောင်မှာ သွေးဆောင့်တက်သွားသလိုပင် ခံစားရသည်။ ရေထဲမှာ ထိုင်နေပုံရပေမယ့် အသားဖြူသူမလို့ ရေပေါ်မှာပေါ်နေတဲ့ ပခုံးသားလေးတွေက ဝင်းလို့ရယ်။ ပစ်တိုင်းထောင်က အော်လိုက်သံကြောင့် ရေထဲကနေ ထလာတော့လည်း ရေစိုနေတဲ့ ရင်ဘတ်နေရာကစလို့ ဗိုက်သားချပ်ချပ်လေးတွေရော။

ပစ်တိုင်းထောင်မှာ ဒူးပင်မခိုင်ချင်တာကြောင့် မနည်းတောင့်ခံထားရသည်အထိ။ ယောက်ျားလေးမလို့ မမြင်အပ်တဲ့နေရာရယ်လို့ မဟုတ်ပေမယ့် မြင်နေရတဲ့အရာလေးတွေကြောင့် ပစ်တိုင်းထောင်မှာ ရင်တလှပ်လှပ်ရယ်။ ရွာကလူတွေကတော့ ရွှေဒင်္ဂါးကို ဘာစိတ်မှရယ်ရှိတာ မဟုတ်ပေမယ့် ပစ်တိုင်းထောင်မှာ မထွေးနိုင်မအန်နိုင်နဲ့ ချစ်ရတဲ့ ရွှေဒင်္ဂါးကို ပေါ်တင်လည်း မပူနိုင်ပဲ ရွက်အုပ်သီးပူရတော့တာပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ပစ်တိုင်းထောင်က ရွှေဒင်္ဂါးကိုတော့ မေတ္တာခြုံလို့ လုံစေလိုပြီး ထုပ်သာသိမ်းထားလိုက်ချင်တော့သည်။

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၅-၅-၂၀၂၄)

အလုပ်များနေလို့ နည်းနည်းကြာသွားတယ်
စာလုံးပေါင်းပြန်မစစ်ရသေးလို့သည်းခံဖတ်ပေးကြပါ
အရှည်ကြီးတွေရေးထားပေးတာကို feedback လေးတွေပြန်ပေးကြပါဦး…
ဒီလူကရေးရတာအားမရှိဘူး 😔

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၀), novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၀), read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၀) online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၀) chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၀) high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၀) light novel, ,

Comment

Leave a Reply

Chapter 39